လောကီ၊လောကုတ္တ ရာနှစ်ဖြာသော သုခချမ်းသာ
မျိုးကို မိခင်သည်လည်း မပေးနိုင်၊ ဖခင်သည်လည်း
မပေးနိုင်၊ ဆွေမျိုးတို့သည်လည်း မပေးနိုင်။
ကောင်းစွာစောင့်ရှောက်၊ ဆောက်တည်အပ်သော
စိတ်သည်သာလျှင် မိဘ၊ ဆွေမျိုးတို့ထက် ပိုမို၍ လူ၊
နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်၏။
(ဓမ္မပဒ - ၄၄)

ခုလည်း စိတ်ညစ် နောင်စိတ်ညစ်
မကောင်းမှု ပြုတဲ့သူဟာ
ဒီဘ၀မှာလည်း
ကိုယ့်မကောင်းကံကို ကိုယ်တွေးပြီး
ဝမ်းနည်းစိတ်ညစ်ရသလို
နောင်ဘ၀မှာလည်း
ကိုယ့်မကောင်းကံရဲ့ အကျိုး
ဆင်းရဲဒုက္ခအမျိုးမျိုးကို
ကိုယ်ခံစားပြီး
ဝမ်းနည်းစိတ်ညစ်ရပါတယ်။
ပစ္စုပ္ပန်ဘ၀မှာပါ
ဝမ်းနည်းစိတ်ညစ်ရတာပါ။
မကောင်းမှုပြုတဲ့သူဟာ
ကိုယ်ပြုထားတဲ့ မကောင်းမှုရဲ့
ညစ်နွမ်းမည်းပေမှုကို မြင်ရတိုင်း
ဝမ်းနည်းပူဆွေးရ၊
စိတ်ပင်ပန်းဆင်းရဲရပါတယ်။


အပြစ်ပြောမှန်ရင် ရွှေအိုးပေးသူ
အမှန်တကယ်မှားယွင်းနေတဲ့
ကိုယ့်ရဲ့ အပြစ်ကို
သဘောထားမှန်မှန်နဲ့
ဝေဖန်ထောက်ပြတတ်သူ၊
လိုအပ်ရင် လိုအပ်သလို
နှိမ့်ချ ပြောဆိုဆုံးမတတ်သူ၊
အပြစ်ထောက်ပြ
နှိပ်ချဆုံးမနိုင်လောက်အောင်လည်း
ပညာအစစ်ဥာဏ်အနှစ်ရှိသူကို
ရွှေအိုးမြှုပ်ထားတဲ့နေရာ
ညွန်ပြလာသူတစ်ယောက်လို
သဘောထားပြီး ဆည်းကပ်ရပါမယ်။
အဲဒီလို ပညာရှိမျိုးကို
ဆည်းကပ်ပေါင်းသင်းတဲ့သူဟာ
မြင့်မြတ်သည်ထက် မြင့်မြတ်
တိုးတက်သည်ထက် တိုးတက်လာနိုင်ပါတယ်။
ဘယ်တော့မှ မယုတ်ညံ့
ဘယ်တော့မှ မဆုတ်ယုတ်နိုင်ပါဘူး။

ဝီရိယရှိမှ အနေမြတ်

အတွေးအတောတွေနဲ့
ငေးမောပျင်းရိပြီး
အချိန်ဖြုန်းနေသူ
ကြိုးစားအားထုတ်မှု
လုံ့လ၀ီရိယမရှိသူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
ခိုင်မြဲတဲ့ လုံ့လ၀ီရိယနဲ့
စိတ်ဇွဲသန်သန်
ကြိုးစားအားထုတ်သူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

မိတ်ကောင်းကိုသာ ပေါင်းသင်းပါ
မကောင်းမှုအကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေဖျင်း မိတ်ဆွေညံ့တွေထံ
လုံးဝ မချဉ်းကပ်ပါနဲ့။
မလုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေကို
လုံးဝ မပေါင်းသင်းပါနဲ့။
ကောင်းမှုကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေကောင်း မိတ်ဆွေမွန်တွေထံ
အမြဲမပြတ် ချဉ်းကပ်ပါ။
လုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေထူး မိတ်ဆွေမြတ်တွေကို
မခွဲမခွာ ပေါင်းသင်းပါ။

အဆုံးအမကြိုက်မှ သူတော်ကောင်း

အကြောင်းကိစ္စ မပေါ်ခင်မှာလည်း
သွန်သင်တတ်ရမယ်။
မျက်မှောက်မှာလည်း
ဆုံးမတတ်ရမယ်။
မျက်ကွယ်ကနေလည်း
သွန်သင်တတ်ရမယ်။
တစ်ကြိမ်တစ်ခါလည်း
ဆုံးမတတ်ရမယ်။
အကြိမ်ကြိမ်အခါခါလည်း
သွန်သင်တတ်ရမယ်။
မကောင်းမှုအကုသိုလ်မလုပ်အောင်လည်း
တားမြစ်တတ်ရမယ်။
ကောင်းမှုကုသိုလ်လုပ်အောင်လည်း
တိုက်တွန်းတတ်ရမယ်။
အဲဒီလို ဆုံးမသွန်သင်တတ်တဲ့သူကို
ပညာရှိသူတော်ကောင်းတွေ
သိပ်ကို ချစ်မြတ်နိုးကြတယ်။
ပညာမဲ့သူ ညံ့ဆိုးတွေကတော့
လုံးဝ သဘောမကျကြဘူးပေါ့။
(အတိုချုပ်)
ဆုံးမတတ်ရမယ်။
သွန်သင်တတ်ရမယ်။
မကောင်းတာမလုပ်အောင်
တားမြစ်တတ်ရမယ်။
ကောင်းတာလုပ်အောင်
တိုက်တွန်းတတ်ရမယ်။
အဲဒီလိုလူကို
သူတော်ကောင်းတွေ
ချစ်တယ်။
သူညံ့ဆိုးတွေ မချစ်ဘူး။